ဘာသာရေးထိခိုက်စေသည့်စာသားပါဆိုင်းဘုတ်ဖြုတ်ပေးရန် ရပ်စောက်စည်ပင်စာထုတ်

မည်သူထောင်ထားကြောင်း တာဝန်ခံမည့်သူမရှိဟု စည်ပင်ဦးစီးမှူးဆို

ရပ်စောက် ၊ ဇွန် ၁၆

ညိမ်းမျိုးဆက်

အစ္စလာမ်ကင်းစင်နယ်မြေဆိုင်းဘုတ်ထောင်ထားခြင်းအား ဘာသာသာသနာတစ်ခုကို ထိခိုက်စေ သောကြောင့် ရပ်စောက်မြို့ စီမံခန့်ခွဲ့ရေးကော်မတီ၏ညွှန်ကြားချက်ဖြင့် ပြန်လည်ဖြုတ်ချခိုင်းလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် ရပ်စောက်မြို့မှ စည်ပင်ဦးစီးမှူးဖြစ်သူက Friday Times Journal သို့ အတည်ပြုပြောကြားသည်။

`` ဘာသာရေးကိုထိခိုက်စေတဲ့စာသားတွေပါနေတာရယ် ၊ ဆိုင်းဘုတ်ထောင်ဖို့ခွင့်ခွင့်ပြုချက် မယူတာတွေကြောင့် ပြန်ဖြုတ်ခိုင်းလိုက်ပါပြီ ´´ ဟု ရပ်စောက်မြို့ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူးဖြစ်သူက ပြောသည်။

ယင်းဆိုင်းဘုတ်တွင် ဇော်ဂျီကွေ့ မျိုးချစ်လူငယ်များအဖွဲ့မှ ထူထောင်ကြောင်း ရေးသာထားသော်လည်း တာဝန်ခံမည့်သူမရှိကြောင်း ရပ်စောက်စည်ပင်ဦးစီးမှူးကဆိုသည်။

`` အကြမ်းဖျင်းကတော့ ဘယ်သူထောင်တယ်ဆိုတာသိပါတယ် ၊ ဒါပေမယ့် စာထုတ်ပြီးပြန်ဖြုတ်ခိုင်းတဲ့အချိန်ကျတော့ ဘယ်သူထောင်တယ်ဆိုတာ မပြောကြဘူး ´´ ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရပ်စောက်မြို့အနီးဖြစ်ပွားခဲ့သော လိမ္မော်ခြံတစ်ခြံတွင် စိုက်ပျိုးရေး ဆေးဝါးဖျန်းရာတွင် အဆိပ်သင့်ဓါတ်များ ရေတွင်စီးဝင်ပြီး ကျွဲများသေဆုံးခြင်း လူများမူးမော်ခြင်းများဖြစ်ပွားပြီး နောက်ပိုင်း ယခုကဲ့သို့ ဆိုင်းဘုတ်ထောင်သည်အထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောကြားသည်။

ရပ်စောက်ကျန်းမာရေးဌာနသို့ Friday Times မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံများပြောဆိုနေသည့် ရေတွင် အဆိပ်ပါဝင်သောကြောင့် ကျွဲသေဆုံးခြင်းကိစ္စကို ၎င်းတို့အနေဖြင့် မသိကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သတ်၍ ယခုအချိန်ထိ လာရောက်အကြောင်းကြားခြင်းမရှိကြောင်းကို ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ဆိုင်းဘုတ်ထောင်ခြင်း ၊ အမျိုးသားရေးသီးချင်းများဖွင့်ထားခြင်းများကြောင့် ရပ်စောက်မြို့ရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အနေအထိုင်ကျပ်တည်းလျှက်ရှိကြောင်းသိရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း တောင်ကြီးမြို့ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

`` ဒီဖက်မှာတော့ မွတ်စလင်တွေက ရေနည်းငါးတွေပဲလေ ၊ တစ်ခုခုဖြစ်တာနဲ့ အဖွဲ့အစည်းတွေကို သွားပြီး အကျိုးအကြောင်း ရှင်းပြနေရတယ် ´´ ဟု ယင်းက ပြောကြားသည်။

စည်ပင်သာယာရေးဥပဒေပုဒ်မ (၈၃) အရ ယခုကဲ့သို့ စည်ပင်ဥပဒေကိုချိုးဖောက်မှုတစ်ခုခုပြုလုပ်ခဲ့ပါရ ထောင်ဒဏ်(၁)နှစ်(သို့) ထောင်ဒဏ်လေးနှစ် (သို့) ပြစ်ဒဏ်နှစ်ရပ်လုံးကိုချမှတ်နိုင်ကြောင်း ရပ်စောက်စည်ပင် ဦးစီးမှူးက ပြောသည်။

Friday Times News Journal

0 comments:

Post a Comment

 
Top